တလောက ကျနော့်သူငယ်ချင်းတယောက်က သူတို့အဖွဲ့လုပ်ထားတဲ့ ကျန်းမာရေးစစ်တမ်းတစောင် လာပေးပါတယ်။ ကျနော် အလုပ်မအားဘူးဆိုပြီး အမှုမဲ့အမှတ်မဲ့ထားလိုက်တယ်။ ပြီးခဲ့တဲ့ အလုပ်ပိတ်ရက်မှ အချိန်ရတာနဲ့ အဲဒီစစ်တမ်းကို ဖတ်ကြည့်မိတယ်။
အဲဒီစစ်တမ်းကို ဖတ်ပြီးတော့မှ တော်တော်ရင်လေးသွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အသာထားလို့ ကျနော် လူပြိန်းကြည့် ခြုံကြည့်မိတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ သူတို့စစ်တမ်းကောက်ခဲ့တဲ့ ကျေးလက်ဒေသ တော်တော်များများမှာ အသက် (၁၅) လောက်ကနေ (၅၀) ကြား တကယ့်အရွယ်ကောင်း အမျိုးသားအရေအတွက်ဟာ ပုံမှန်ရှိရမဲ့ အရေအတွက်ထက် အရမ်း အရမ်းကို လျော့နည်းနေတယ်ဆိုတာ သွားတွေ့ရတယ်။ ရွာတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ သက်ကြီးပိုင်း (၅၀) ကျော် (၆၀) နောက်ပိုင်း အမျိုးသားတွေပဲ ကျန်တော့တယ်။ အမျိုးသမီးအရေအတွက်လဲ ဒီလိုပါပဲ။ ဒါပေမဲ့ အမျိုးသားအရေအတွက်စာ အများကြီးတော်သေးတယ်။ အဲဒီတော့ ရွာတွေမှာ ကလေးတွေနဲ့ အဖိုးကြီး အဖွားကြီးတွေပဲ ကျန်တော့တယ်။ အဲဒီအချက်အလက်တွေကြည့်ပြီး ကျနော် မျက်လုံးပြုးသွားတယ်။ ဘယ်လိုဖြစ်ရတာလဲပေါ့။
ဒါနဲ့ ကျနော့်သူငယ်ချင်းကို ဖုန်းဆက်ပြီး မေးကြည့်ပါတယ်။ သူက “အေး ဟုတ်တယ်ကွာ။ ရွာမှာ လုပ်ကိုင်စားသောက်ရတာ ကြပ်လွန်းတယ်၊ နောက် ချောဆွဲတာကလဲရှိတယ်။ ဒါကြောင့် မြို့တက်အလုပ်လုပ်နိုင်တဲ့သူက မြို့တက်၊ နောက်နီးစပ်ရာနယ်စပ်က နိုင်ငံတွေမှာ အလုပ်သွားလုပ်ကြရတယ်။ တတ်နိုင်တဲ့သူတွေကတော့ နိုင်ငံခြားကို သွားကြတယ်။ တော်တော် စိတ်မကောင်းစရာပဲတဲ့။ အကုန်မိတကွဲ ဖတကွဲဖြစ်နေကြတယ်” တဲ့။ သူနဲ့စကားပြောပြီး စဉ်းစားနေရင်းမှ ကျနော်တို့အိမ်မှာတောင် ယောင်္ကျားသားတွေ အပြင်ထွက် အလုပ်လုပ်နေရာတာ အိမ်မှာ အမေနဲ့ ညီမပဲကျန်တယ်။ ကျန်တဲ့မိသားစုတွေလဲ ဒီလိုပဲဖြစ်ကြမှာပဲလေလို့ တွေးရင်း တွေးရင်း ရင်လေးလာတာနဲ့ ဆက်မတွေးရဲတော့ဘူး။
ဟင်း … ဦးနှောက်တွေ လုပ်အားတွေ အလကား စီးယိုနေတာ မနည်းပါလား။

No comments:
Post a Comment